နိုင်ငံရေးယုံကြည်လှုပ်ရှားမှု

ကျွန်တော် ဘယ်အချိန်မှာ နိုင်ငံရေးကို စစိတ်ဝင်စားလာသလဲဆိုတာ တိတိကျကျ ပြောဖို့ ခက်တယ်။ ငယ်ငယ်တုန်းက နိုင်ငံရေးနဲ့ ဆိုင်တဲ့ စာတချို့ ဖတ်ခဲ့ပေမယ့် စိတ်ဝင်စားလို့ ဖတ်ခဲ့ လေ့လာခဲ့တာမဟုတ်ဘူး။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကို စိတ်ဝင်စားပြီး သတင်းစာတွေမှာ သေချာ စဖတ်ခဲ့တာ၊ သူများတွေပြောတာကို နားထောင်ခဲ့တာက ၂၀၀၆ လောက်မှ။ အဲဒီအချိန်မှာ ကျွန်တော် ဘွဲ့ရပြီး အလုပ်စလုပ်နေတဲ့ အချိန်။
၁၉၉၈-၉၉ လောက်မှာ စီးပွားရေး စလုပ်ခဲ့ဖူးပေမယ့် နိုင်ငံရေးကို လုံးဝ စိတ်မဝင်စားခဲ့ဘူး။ ၂၀၀၆ အတွင်း အလုပ်လုပ်တော့မှ ပြင်ပနဲ့ အထိအတွေ့ပိုများလာပြီး စိတ်ဝင်စားမှုက တက်လာတာ။ ဒါတောင် တကယ် စိတ်ဝင်စားတယ်လို့ ပြောမရသေးဘူး။
ဒီလိုနဲ့ ၂၀၀၇ မတ်လလောက်မှာ သတင်းစာမှာ ကြေငြာတစ်ခုတွေ့တယ်။ အဲဒါက Myanmar Egress Capacity Development Center က ဖွင့်မယ့် Social Entrepreneurship သင်တန်း (E002 အပတ်စဉ် ၁) အတွက် သင်တန်းသား ခေါ်တာ။ ဖတ်ကြည့်တော့ သင်မယ့် အကြောင်းအရာတွေက ကြားဖူးနေကျ မဟုတ်တဲ့ ခေါင်းဆောင်မှုတို့၊ နိုင်ငံရေး သိပ္ပံတို့၊ Micro/Micro Ecomony တို့၊ အုပ်ချုပ်ရေးစနစ် အကြောင်းတို့။ အဲဒီတုန်းက အဲဒါတွေ ဘာမှန်းသေချာမသိပေမယ့် စိတ်ဝင်စားဖို့ကောင်းတယ် ဆိုပြီး တက်ဖို့ စုံစမ်းတော့တာပဲ။ သင်တန်းကာလက ၃ လ ဆိုတော့ အလုပ်စလုပ်နေပြီ ဖြစ်တဲ့ ကျွန်တော့်အတွက် ခက်ခဲပေမယ့် ကျွန်တော့် ဦးလေးက ခွင့်နဲ့ ၃ လ တက်ခွင့်ပြုလိုက်တော့ အဆင်ပြေသွားတာပေါ့။

ဒါနဲ့ပဲ Myanmar Egress က ခေါ်တဲ့ အင်တာဗျူးကို သွားဖြေတယ်။ အင်တာဗျူးမှာ တွေ့ရတာက ဒေါက်တာ နေဝင်းမောင်၊ စမေးတာက မင်း ဒီမိုကရေစီကို သိလား… ။ ဘယ်သိမှာလဲဗျာ… အဲဒီတုန်းက ဒီမိုကရေစီ ဆိုတဲ့ စာလုံးတောင် ၁ ခါ ၂ ခါ ပဲ မြင်ဖူးသေးတာ။ ဖြေချင်ရာ ဖြေခဲ့တာပေါ့။ သူက ဘာပြန်ပြောသလဲဆိုတော့ မင်းပြောတာတွေက မဟုတ်တာများတယ်။ ဒါပေမယ့် မင်း စိတ်ဝင်စားမှုကိုတော့ မြင်ရတယ်။ ဒီတော့ မင်းကို သင်တန်းအတွက် လက်ခံလိုက်မယ်။ သင်တန်းကြေး တသိန်းကို ပေးဖို့ မင်းဘယ်လောက် တတ်နိုင်သလဲဆိုပြီး မေးတယ်။ ကျွန်တော်လည်း တဝက်တော့ ပေးပြီး တက်နိုင်မယ်လို့ ပြန်ဖြေခဲ့တယ်။ ဒါနဲ့ပဲ သင်တန်းကြေးရဲ့ တဝက်နဲ့ တက်ခွင့်ရခဲ့တယ်။

သင်တန်းက ၂၀၀၇ ဇွန်လကနေ စက်တင်ဘာလ အထိဆိုတော့ သင်တန်းတက်နေရင်း ရွှေဝါရောင် တော်လှန်ရေးက ဖြစ်ရော။ သင်တန်းနေရာက အလံပြဘုရားလမ်းပေါ်က သမ္မတဟိုတယ်မှာဆိုတော့ နေ့တိုင်း ရွှေတိဂုံဘုရားနားမှာ စုပြီး ဆူးလေဘုရားထိ ချီတက်လာတဲ့ လူအုပ်ကြီးက ကိုယ့်ရှေ့က အမြဲဖြတ်တယ်။ သင်တန်းမှာ သင်နေတာကလည်း နိုင်ငံရေးအကြောင်းတွေ ဆိုတော့ အဲဒီလူအုပ်ကြီးကို ကြည့်လိုက် နိုင်ငံရေးအကြောင်း ဆွေးနွေးလိုက်နဲ့ နိုင်ငံရေးပိုးက ထလာတယ်။ ဒါနဲ့ပဲ ရက်နည်းနည်းရောက်တော့ စိတ်တူကိုယ်တူ သူငယ်ချင်းတွေ စုပြီး အဲဒီ လူအုပ်ကြီးနောက် လိုက်တော့တာပဲ။ ဒါဟာ ကျွန်တော့်ဘဝမှာ ပထမဆုံး နိုင်ငံရေးလှုပ်ရှားမှု တစ်ခုမှာ စိတ်ဝင်စားပြီး လိုက်ခြင်း ဖြစ်လာတယ်။

အဲဒီအချိန်မှာ သင်တန်းက လုံခြုံရေးကြောင့် ပိတ်သွားပြီ။ ဒါပေမယ့် ကျွန်တော်တို့က အချင်းချင်း ရသလောက် ချိန်းပြီး ကိုယ့်အိမ်ကနေထွက်၊ လူစု၊ ဆူးလေဘုရားကို သွားတာ နေ့တိုင်း လုပ်နေတုန်းပဲ။ ဖုန်းတွေ ဘာတွေ အခုလောက် မပေါတော့ ရတဲ့နည်းနဲ့ ချိန်းကြ တွေ့ကြတာပေါ့။ စက်တင်ဘာလ ၂၇ ရက်နေ့ ဆူးလေဘုရားနားမှာ ဂျပန်သတင်းထောက်တစ်ယောက် သေနတ်နဲ့ အပစ်ခံရပြီး သေသွားတုန်းက ကျွန်တော်ဆိုရင် အဲဒီနေရာနဲ့ ပေ ၁၀၀ လောက်အကွာမှာ ရှိနေခဲ့တယ်။ ဒါနဲ့ ပတ်သက်ပြီး အကျယ်သိချင်ရင် (ဒီနေရာမှာ) ဖတ်ပါ။ ဒီအဖြစ်အပျက်ဟာ ကျွန်တော့်ရဲ့ နိုင်ငံရေးလှုပ်ရှားမှု မှတ်တမ်းမှာ လုံးဝမမေ့နိုင်တဲ့ ပထမဆုံး အတွေ့အကြုံ ဖြစ်လာခဲ့တယ်။
၂၀၀၇ အောက်တိုဘာမှာ သင်တန်းဆင်းပွဲ လုပ်ပြီးတဲ့နောက် ၂၀၀၈ အတွင်း အဲဒီသင်တန်းရဲ့ Advanced course ကို ဆက်တက်ခဲ့ပေမယ့် အဲဒီ အချိန်မှာတော့ နိုင်ငံရေးလှုပ်ရှားမှု ဘာမှ ပြောပလောက်အောင် မရှိခဲ့ဘူး။
တစ်ခုပဲ ရှိတာက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မဲပေးရမယ့်နေ့… အဲဒီနေ့မှာ ကျွန်တော် မဲရုံကို သွားပြီး အဲဒီ ဥပဒေကို ကန့်ကွက်မဲ ပေးခဲ့တယ်။ တချို့သူတွေက ကြောက်လို့ မသွားတာ၊ ထောက်ခံမဲပေးတာတွေ လုပ်ခဲ့ပေမယ့် ကျွန်တော့်ရဲ့ယုံကြည်ချက်အရ ကန့်ကွက်ခဲ့တာပါ။

နောက်တစ်ကြိမ် နိုင်ငံရေးလှုပ်ရှားမှု အသက်ပြန်ဝင်လာတာကတော့ ၂၀၁၀ ခုနှစ်ဇွန်လလောက်မှာပါ။ အဲဒီအချိန်မှာ သူငယ်ချင်းတစ်ယောက်ရဲ့ ဆက်သွယ်မှုနဲ့ ကျွန်တော်ဟာ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း စတဲ့သူတွေနဲ့ တွေ့ခဲ့ရတယ်၊ သူတို့နဲ့စကားတွေ ပြောဖြစ်ခဲ့တယ်၊ မေးချင်ရာတွေ မေးခဲ့တယ်။ သူတို့ဟာ မြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့သူတွေဆိုတာကို အဲဒီတုန်းက မသိခဲ့ဘူး။ ကျွန်တော် သိတာကတော့ ဒီလူကြီးတွေဟာ အလွန်သဘောကောင်းပြီး ကိုယ့်ကိုနေရာပေးဆက်ဆံတယ်၊ ကိုယ်ပြောတာကို တလေးတစား နားထောင်ပေးတယ်၊ စိတ်ရှည်သီးခံနိုင်တယ် ဆိုတာပဲ။ ၃ ခါလောက် တွေ့ပြီးတဲ့ အခါမှာတော့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဆန္ဒနဲ့ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီကို ဇူလိုင်လမှာ ဝင်ခဲ့တယ်။ ဒီလိုနဲ့ပဲ ကျွန်တော်ဟာ NDF ပါတီရဲ့ အဦးပိုင်း ပါတီဝင်ဖြစ်ခဲ့တဲ့သူ စာရင်းမှာ ပါခဲ့ပါတယ်။

ပါတီဝင်ပြီး မကြာဘူး၊ ကျွန်တော့်မှာ ဆုံးဖြတ်ချက်ကြီးတစ်ခု ချရမယ့် ကိစ္စဖြစ်လာတယ်။ အဲဒါကတော့ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ပြိုင်မှာလား မပြိုင်ဘူးလား ဆိုတာပါ။ သြဂုတ်လအတွင်း ကိုယ်စားလှယ်လောင်းတွေ မှတ်ပုံတင်ရမယ်ဆိုတော့ ပါတီက ကျွန်တော့်ကို မေးတယ်။ ပြိုင်မလားတဲ့။ ကျွန်တော် အဲဒီတုန်းက ၂ ရက်လောက် သေချာ စဉ်းစားပြီး ကျွန်တော့်ရဲ့ လက်ရှိအခြေအနေ၊ အတွေ့အကြုံ၊ နောင်ရေး စတာတွေနဲ့ ချိန်ဆကာ မပြိုင်တော့ဘူးလို့ ဆုံးဖြတ်ခဲ့တယ်။ တခါတလေ အဲဒီ ဆုံးဖြတ်ချက်အတွက် နောင်တ ရချင်သလို ဖြစ်တတ်တယ်။ ဘာလို့လဲဆိုတော့ တကယ်လို့ ကျွန်တော်သာ ပြိုင်ခဲ့ရင် လသာမြို့နယ်က ဖြစ်မယ်၊ အဲဒီတုန်းက လသာမြို့နယ်က NDF ကို အပြည့်အဝ မဲပေးခဲ့တာ။ နေရာပြည့် ဝင်မပြိုင်နိုင်လို့သာ တိုင်းဒေသကြီး ၂ နေရာကို USDP က နိုင်သွားတာ။ ကျွန်တော် ဘယ်နေရာ ပြိုင်ပြိုင် နိုင်ခဲ့မှာ။ လူတွေက ရွေးစရာမရှိလို့ USDP ကို မဲပေးခဲ့တာလို့ ပြောတယ်။
ဒါနဲ့ပဲ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါတီ မဲဆွယ်စည်းရုံးရေးကိုပဲ အဓိက ကူညီဖြစ်ခဲ့တယ်။ ရန်ကုန်တိုင်း မဲဆွယ်စည်းရုံးရေးရုံးမှာ ကူညီခဲ့တယ်။ အထူးသဖြင့် ဒေါက်တာ မြတ်ညာဏစိုးရဲ့ မဲဆွယ်စည်းရုံးရေးမှာ ကြိုးစားပမ်းစား ကူညီပေးခဲ့တယ်။ သူ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံရတော့လည်း ပျော်ခဲ့တာပဲ။
ဒီကြားထဲမှာ လသာမြို့နယ်က ပြိုင်တဲ့ ဦးကြည်မြင့် (အခုတော့ ဆုံးသွားပါပြီ) ကိုလည်း သူရဲ့ စည်းရုံးရေးမှာ တတ်နိုင်သလောက် ကူပေးသေးတယ်။ မဲပေးရမယ့် နေ့ရောက်တော့ မဲရုံတစ်ခုမှာ ပါတီရဲ့ကိုယ်စား မဲရုံစောင့်ကြည့်သူအဖြစ် ဆောင်ရွက်ခဲ့တယ်။ အဲဒီတုန်းက အမှတ်တရ ဖြစ်ခဲ့တာကတော့ No Vote သမားတွေနဲ့ အားပြိုင်ခဲ့ရတာပေါ့။ သူတို့က မဲမပေးနဲ့ ပြောတယ်၊ ကိုယ်က ကိုယ့်လူကို မဲပေးပါလို့ ပြောတယ်။ ပျော်စရာကောင်းခဲ့တာပေါ့ဗျာ။
၂၀၁၀ မှာ ကျွန်တော် မဲပေးခဲ့တာက အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် နေရာတွေအတွက် NDF၊ တိုင်းဒေသကြီး လွှတ်တော် တနေရာအတွက် USDP နဲ့ နောက်တနေရာအတွက် တစည … အဲဒါက လူကိုကြည့်ပြီး ပေးခဲ့တာ။ NDF သာ နေရာအပြည့်ပြိုင်ခဲ့ရင် အကုန် NDF ပေးခဲ့မှာပဲ။ ကျွန်တော့်ရဲ့ သဘောက ကိုယ့်မဲကို ဘယ်တော့မှ အဆုံးရှုံးမခံဘူး။ ကြိုက်တဲ့သူ (သို့) ပါတီ မရှိရင် ကျန်သူထဲက အကောင်းဆုံးထင်တဲ့သူကို အမြဲတမ်း ပေးတယ်။
၂၀၁၁ အတွင်းမှာ ပါတီရဲ့ လုပ်ငန်းတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့တယ်။ လူငယ်အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ပါတီ မူဝါဒနဲ့ စည်းမျဉ်းစည်းကမ်းတွေ ရေးဆွဲတာမှာ ပါခဲ့တယ်။ မူကြမ်းထွက်တော့ CEC ကို တင်ပြခဲ့တယ်။ အဲဒီ မူကြမ်းကို CEC က မသုံးခဲ့ပေမယ့် လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းတော့ ကျန်ခဲ့တာပေါ့။ အဲဒီတုန်းက လက်တွဲလုပ်ခဲ့တဲ့ သူတွေ ကျွန်တော်က လွဲလို့ အကုန်လုံး အခု ပါတီမှာ မရှိတော့ဘူး။ ပါတီပြောင်းသူပြောင်း၊ ပြင်ပရောက်သူရောက် ဖြစ်ကုန်ပါပြီ။
အဲဒီနောက်ပိုင်း ၂၀၁၅ အထိ ပါတီမှာ နေရာအမျိုးမျိုးကနေ တတ်နိုင်သလောက် ကူညီပေးခဲ့တယ်။ ပြန်ကြားရေး၊ ပြင်ပဆက်ဆံရေး၊ လွှတ်တော်ကိုယ်စားလှယ်များအတွက် အထောက်အကူပြုရေး စတဲ့ နေရာတွေမှာ ပါဝင်ခဲ့တယ်။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ကျွန်တော်နေတဲ့ လသာမြို့နယ် မပါဝင်တာကြောင့် မဲမပေးခဲ့ရပါဘူး။

၂၀၁၅ နှစ်ဆန်းပိုင်းမှာ NDF ပါတီရဲ့လသာမြို့နယ် စည်းရုံးရေး ကော်မတီ ဥက္ကဋ္ဌအဖြစ် စပြီးတာဝန်ယူခဲ့တယ်။ ၁၈.၇.၂၀၁၅ မှာ NDF ပါတီရဲ့ လသာမြို့နယ်ရုံးခွဲကို ကျွန်တော့်အိမ်မှာ ဖွင့်ခဲ့တယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ လသာမြို့နယ်မဲဆန္ဒနယ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦး အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်။ အဲဒီတုံးက မဲဆွယ်စည်းရုံးရေးကို တက်တက်ကြွကြွ ဆောင်ရွက်ခဲ့ပြီး တအိမ်တက်ဆင်း စည်းရုံးရေးကို ဦးစားပေးဆောင်ရွက်ခဲ့တယ်။ အဲဒီတုန်းက အမှတ်တရ ဖြစ်ခဲ့တာက NDF ပါတီကို နာမည်ဖျက် အပုတ်ချတဲ့သူတွေနဲ့ တွေ့ခဲ့၊ ဖြေရှင်း ငြင်းခုံခဲ့ရတာပါ။ နိုင်ငံရေးလောကမှာ ကြုံတွေ့ရနိုင်တဲ့ အတွေ့အကြုံတစ်ခုကို သေချာ ရလိုက်တာပေါ့။
ရွေးကောက်ပွဲတွင် အနိုင်မရရှိခဲ့သော်လည်း ရရှိသည့် မဲရလဒ်အရ ယှဉ်ပြိုင်သူ ၅ ဦးတွင် ပါတီကြီး ၂ ခု၏ နောက် တတိယနေရာကို ရခဲ့သည်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာအတွက် NDF ပါတီကို မဲပေးခဲ့သည်။
ထို့နောက် ပါတီ၏ လုပ်ငန်းများတွင် အဝေးမှ တတ်နိုင်သမျှ ပံ့ပိုးခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ပါတီ၏ အရန် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် တာဝန်ယူခဲ့သည်။ ၂၀၁၉ ခုနှစ်အတွင်းတွင် ပါတီ၏ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် တိုးမြှင့်တာဝန်ပေးခြင်း ခံရပြီး ယခုအထိ တာဝန်ယူ ဆောင်ရွက်နေဆဲ ဖြစ်ပါသည်။
၂၀၁၈ ခုနှစ်အတွင်းတွင် လသာမြို့နယ်၌ ပါတီစည်းရုံးရေး လုပ်ဆောင်ရန် ကြိုးစားခဲ့သော်လည်း ရွေးကောက်ပွဲ ကော်မရှင်၏ ခွင့်ပြုချက် မရခဲ့သောကြောင့် မပြုလုပ်နိုင်ခဲ့ပေ။ ထိုအချက်ကို အသေးစိတ် သိလိုပါက (ဤနေရာ) တွင် ကြည့်ပါ။
လာမည့် ၂၀၂၀ အထွေထွေရွေးကာက်ပွဲတွင် လသာမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ ကိုယ်စားလှယ်လောင်း တစ်ဦးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။