ဝါသနာ

ဝါသနာဆိုတဲ့ စကားကို ကိုယ့်ဘဝ တိုးတက်ကြီးပွားရေး အတွက်မဟုတ်ဘဲ တခြားအကြောင်းတခုခု (ဥပမာ - ပျော်လို့၊ အာရုံမပြန့်လွင့်အောင်လို့၊ ဘာကြောင့်မှန်းကို မသိဘဲ စသည်ဖြင့်) နဲ့ စွဲစွဲမြဲမြဲ လုပ်တဲ့ အရာလို့ ကျွန်တော်ကတော့ အဓိပ္ပါယ်ဖွင့်တယ်။ ကျွန်တော်ဆို စာဖတ်တာ အရမ်းဝါသနာပါတယ်။ ဒါပေမယ့် စာဖတ်တာကို ဝါသနာ အပိုင်းနဲ့ ဘဝကြီးပွားတိုးတက်ရေး အပိုင်းဆိုပြီး ၂ ပိုင်းခွဲကြည့်တယ်။ စာတတ်ဖို့ ဖတ်တာ၊ စာမေးပွဲ ဖြေဖို့ ဖတ်တာ၊ အလုပ်အတွက် ဖတ်တာ၊ ပိုက်ဆံ ရဖို့ ဖတ်တာ စတာတွေကို ဝါသနာ အရဖတ်တယ်လို့ မမြင်ဘူး။ ဒါက အလုပ်လို့ပဲ မြင်တယ်။ ကျွန်တော့်အတွက် ဝါသနာအရ ဖတ်တာဆိုတာ ဘဝကြီးပွားတိုးတက်ရေးနဲ့ ဘာမှ မဆိုင်တဲ့ စိတ်ကူးယဉ်စာပေမျိုး၊ ကာတွန်းလိုမျိုးတွေကို ဖတ်တာကို ဆိုလိုပါတယ်။ ဒါက ကျွန်တော့်ရဲ့ ဝါသနာဆိုတဲ့ အပေါ်မှာ မြင်တဲ့ အမြင်ပါ။

ဘဝမှာ ကျွန်တော် ဝါသနာအပါဆုံး အရာ ၃ ခု ရှိတယ်။ အဲဒါက စာဖတ်တာ၊ ဗီဒီယိုဂိမ်းဆော့တာနဲ့ ဇာတ်ကောင်ရုပ်တွေ စုတာ။ ဘယ်ဟာကို ပိုဝါသနာပါလဲဆိုတာ ပြောရခက်တယ်။ ၃ ခုလုံး အတူတူပဲလို့ပဲ ခံယူထားတယ်။
ဘဝမှာ ပထမဆုံး ရလာတဲ့ ဝါသနာက စာဖတ်တာ၊ တိတိကျကျ ပြောရရင် ကာတွန်းဖတ်တာ။ အမေက စာစဖတ်တတ်ကတည်းက စာဖတ်ဖို့ကို အားပေးတယ်။ အဲဒီခေတ်တုန်းက နာမည်ကြီး ရွှေသွေး၊ မိုးသောက်ပန်း၊ တေဇ စတာတွေနဲ့ အကျွမ်းတဝင်ရှိခဲ့ပြီး ပုံမှန် ဖတ်ဖြစ် (အများအားဖြင့် ပုံကြည့်တာ) ခဲ့တယ်။ နောက်နည်းနည်းကြီးလာတော့ ကာတွန်းစာအုပ်တွေပေါ့။ တွတ်ပီ၊ လေးမွန် ထွေးမွန်၊ သမိန်ပေါသွပ်၊ ပြာကလောင် ပြာလချောင် စတာတွေနဲ့ ရင်းနှီးလာတယ်။ ဟိုးငယ်ငယ်လေး ကတည်းက စာကို အသေဖတ်တာ။ တွေ့ရာနေရာမှာ ထိုင်ပြီး ကာတွန်းတစ်အုပ်နဲ့ နှစ်ပါးသွားနေတာပဲ။ အကျိုးဆက်က အသက် ၉ နှစ် လောက်မှာ မျက်မှန်စတပ်နေရပြီ။ အခုခေတ်လို တီဗီတွေ၊ ဖုန်းတွေ၊ ကွန်ပြူတာတွေ မပေါသေးတဲ့ ကာလမှာ အဲဒီလို မျက်မှန်စောစော တပ်ရတယ်ဆိုတာ ရှားပါးပေါ့ဗျာ။
နောက်ဝါသနာတစ်ခုဖြစ်တဲ့ ဂိမ်းဆော့တာက အသက် ၇ နှစ်မှာ စခဲ့တာ။ ပထမဆုံး ဆော့ခဲ့ဖူးတဲ့ ဂိမ်းတွေက Famicom မှာ ထွက်ခဲ့တဲ့ Airwolf နဲ့ Contra ဆိုတဲ့ ခွေ ၂ ခွေ။ အဲဒီ အကြောင်းအရာနဲ့ ပတ်သက်ပြီး ကျွန်တော် စာလေးတစောင် ရေးထားတာရှိတယ်။ (ဒီနေရာ) မှာ ဖတ်ကြည့်လို့ရတယ်။

ဂိမ်းကို သေချာတကယ်စဆော့ဖြစ်တာက ၁၉၈၈ ခုနှစ် သနပ္ပင်မှာနေခဲ့တဲ့ အချိန်။ အဲဒီတုန်းက တခြားဘာမှ လုပ်စရာလည်း မရှိတော့ ဂိမ်းဆော့လိုက်၊ ငါးဖမ်းလိုက်၊ စားလိုက်၊ အိပ်လိုက်ပဲ လုပ်နေခဲ့ရတာ။
မိသားစု ရန်ကုန်ပြောင်းလာပြီး ၁၉၉၀ နောက်ပိုင်းမှာလည်း ကာတွန်းတွေကို ဆက်ပြီး ဖတ်ဖြစ်ခဲ့တယ်။ အရင်ကတည်းက ကြိုက်ခဲ့တဲ့ဟာတွေ အပြင် နန်းဦးတို့၊ တာရာပွကြီးတို့လို ကာတွန်းမျိုးတွေ ဖတ်ခဲ့တယ်။ လမ်းထဲက စာအုပ်အငှားဆိုင်ကို နေ့တိုင်းသွားခဲ့ရတာ မှတ်မိတယ်။ မှတ်မှတ်ရရ ပထမဆုံး ကျွန်တော့်ကိုယ်ပိုင် စာအုပ်ကို ၁၉၉၄ ခုနှစ်မှာ စဝယ်ဖြစ်ခဲ့တယ်။ ရတဲ့ မုန့်ဖိုးတွေကို မုန့်မစားဘဲ အကုန် စာအုပ် ဝယ်ဖတ်ခဲ့တာ။ စာအုပ်ပြပွဲတွေ၊ စာအုပ်ဆိုင်တွေကို စကျင်လည်ခဲ့တဲ့ ကာလပေါ့။ ပထမဆုံး ဖတ်ဖြစ်ခဲ့တဲ့ အင်္ဂလိပ်စာအုပ်က The Space Invaders ဆိုတဲ့ စာအုပ်လေး။ လူငယ်ဖတ်ဖို့ ထုတ်ထားတဲ့ Heinemann Guided Readers စာအုပ်စီးရီးထဲကပေါ့။ ၁၉၉၅ မှာ အင်းဝစာအုပ်ဆိုင်ကနေ ငွေ ၄၀ နဲ့ ဝယ်ခဲ့တာလည်း မှတ်မိသေးတယ်။

၁၉၉၁-၉၂ ဝန်းကျင်လောက်မှာ ဂိမ်းနဲ့ ပတ်သက်ပြီး အမှတ်ရစရာတစ်ခု ရှိခဲ့တယ်။ အဲဒီအချိန်တုန်းက ကိုယ့်အိမ်မှာ ဂိမ်းစက်ကလည်းမရှိသေးဘူး။ တနေ့မှာ အမေနဲ့ အတူ ညီအကို ၂ ယောက် လမ်းထဲမှာ အိမ်တအိမ်ကို သွားလည်ရင်း အဲဒီအိမ်မှာ ဂိမ်းဆော့နေတာကို တွေ့တယ်။ ညီအကို ၂ ယောက် အလွန်စိတ်ဝင်စားပြီး ကြည့်ကြတာပေါ့။ ပြန်မယ်လည်း လုပ်ရော မပြန်တော့ဘူးဆိုပြီး ဂျီကျတယ်။ အမေက အဲဒီအိမ်က သူတွေနဲ့ သိတော့ နောက်တခါမှ ဒီအိမ်ကို လာကြည့်ဆိုပြီး ချော့ခေါ်တယ်။ အဲဒီက စပြီး အဲဒီအိမ်မှာ ဂိမ်းဆော့တာကို သွားကြည့်ခွင့် ရသွားတော့တာပဲ။ Super Mario Bros 3 တို့၊ Megaman 3 တို့ကို အဲဒီမှာပဲ စမြင်ဖူးခဲ့တာ။ နေ့တိုင်းလိုလို အဲဒီအိမ်ကိုသွားချောင်းကြတယ်၊ ဂိမ်းဆော့တာမြင်ရင် ဝင်ကြည့်၊ မမြင်ရင် စိတ်ပျက်ပြီး ပြန်လာ။ ကိုယ်တင်မဟုတ်ဘူး၊ တခြားကလေးအနည်းငယ်လည်း ရှိတော့ သူတို့နဲ့ အတူ ပျော်ပျော်ကြီး ကြည့်ခဲ့ကြတာပေါ့။
နောက်ပိုင်း ဦးလေးတွေ ဆော့ထားတဲ့ Famicom စက်တလုံး ရတယ်။ အဲဒီခေတ်တုန်းက ဂိမ်းခွေတွေက အရမ်းဈေးကြီးပြီး တော်ရုံတန်ရုံလူ မဝယ်နိုင်ဘူး။ ကံကောင်းတာက ကျွန်တော်တို့ အိမ်ရှိရာ ၂၃ လမ်းရဲ့ ကပ်ရက် မောင်ခိုင်လမ်း (ယခု ဗိုလ်ရွဲလမ်း) မှာ ဂိမ်းခွေ ငှားတဲ့ ဆိုင်တဆိုင် ရှိတော့ အဲဒီဆိုင်က ခွေတွေ ငှားပြီး ဆော့ခဲ့ရတယ်။ ကိုယ့်အိမ်မှာ ကိုယ် ပထမဆုံး ဂိမ်းထိုင်ဆော့ နိုင်တဲ့ အချိန်ပေါ့။

ကျွန်တော် ပထမဆုံး ဖတ်ဖြစ်ခဲ့တဲ့ အင်္ဂလိပ် ဝတ္ထုစာအုပ်ကိုလည်း သေချာမှတ်မိသေးတယ်။ အဲဒါက Hobbit။ ၁၉၉၇ အတွင်း ဒသမတန်းအောင်ပြီး နားနေတဲ့အချိန်မှာ ဖတ်ခဲ့တာ။ အဲဒီတုန်းက Hobbit ဆိုတာ J.R.R. Tolkien ရဲ့ ကမ္ဘာကျော် စာအုပ်ဆိုတာ ဘယ်သိမှာလဲ။ ဖတ်လို့ကောင်းတယ်ဆိုပြီး ဖတ်တာ။ မသိတဲ့စာလုံးတွေ များလွန်းလို့ အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို ဘေးချပြီး ဖတ်ခဲ့ရတာပေါ့။ နောက်ပိုင်း ၂၀၀၂ ခုနှစ်မှာ The Fellowship of the Ring ရုပ်ရှင်ကို ကြည့်တော့မှ Hobbit နဲ့ ဆက်စပ်မှုရှိပါလားဆိုတာ သတိပြုမိတာ။
၁၉၉၅ ခုနှစ်ကစပြီး လမ်းထဲမှာ ဂိမ်းဆိုင်ဖွင့်တော့ အဲဒီဆိုင်မှာ ပုံမှန် သွားဆော့တဲ့ ဖောက်သည် ဖြစ်လာတယ်။ အိမ်က Famicom ထက် အများကြီးပိုကောင်းတဲ့ Super Famicom ခေတ်စားတဲ့ အချိန်ဆိုတော့ အိမ်က ဟာကို ဂရုမစိုက်တော့ဘဲ ဂိမ်းဆိုင်ကိုပဲ သွားဆော့ဖြစ်တာများတယ်။ Breath of Fire, Biker Mice from Mars, Ogre Battle စတဲ့ ဂိမ်းတွေနဲ့ ရင်းနှီးလာခဲ့တယ်။ ၁၉၉၆ လောက်မှာ Playstation စပေါ်တော့လည်း ဂိမ်းဆိုင်မှာ ဆော့ဖြစ်ခဲ့တာပါ။
၁၉၉၇ မှာ ဒသမတန်းကို ဂုဏ်ထူး ၄ ခုနဲ့ အောင်တော့ အဖိုးက ဘာဆုလိုချင်လည်းလို့ မေးတယ်။ မဆိုင်းမတွ ပြန်ဖြေတာက ဂိမ်းစက်။ စိတ်ထဲမှာ Playstation စက် လိုချင်တာက ရှိပြီးသားကိုး။ အဖိုးကလည်း မြေးအလိုကျ ဝယ်ပေးပါတယ်။ ဈေးက ၇၀၀၀၀ ကျပ် ခန့်။ ၁၉၉၇ ခုနှစ်မှာ ကားတစီးမှ ၄-၅ သိန်းလောက် ရှိတာဆိုတော့ အဲဒီအချိန်တုန်းက ဂိမ်းစက်ဈေးကို ခန့်မှန်းလို့ရတယ်။ ဒါနဲ့ပဲ ဘဝရဲ့ ပထမဆုံး ကိုယ်ပိုင် ဂိမ်းစက်က PlayStation ဖြစ်လာတယ်။ သူနဲ့ အတူ တွဲဝယ်ခဲ့တဲ့ခွေက Twisted Metal 2။ အဲဒီ အကြောင်းအရာနဲ့ ပတ်သက်ပြီး အသေးစိတ်ကို (ဒီနေရာ) မှာ ဖတ်ကြည့်လို့ရတယ်။
အဲဒီနှစ်မှာပဲ မုံရွာကအဖိုးရဲ့ ဂိမ်းဆိုင်က ပိတ်လိုက်တော့ ကျန်ခဲ့တဲ့ SNES စက်တွေကို ရောင်းပေးမယ်ဆိုပြီး ရန်ကုန်ယူလာတယ်။ ပြီးတော့ ဘာမသိ ညာမသိနဲ့ အောက်ဈေးနဲ့ ရောင်းလိုက်တယ်။ ရောင်းရုံတင် မဟုတ်ဘူး၊ ရောင်းရတဲ့ ပိုက်ဆံထဲကနေ Final Fantasy 7 ခွေလေးတောင် ဝယ်လိုက်သေး။ အဖိုးက သိပ်မဆူပါဘူး။ စီးပွားရေးရဲ့ သဘောတရားကို သေချာရှင်းပြတယ်။ အဲဒီကတည်းက သူများ နှပ်ချတာ မခံရအောင် ဘယ်လိုရှောင်ရမလဲဆိုတာ တဖြည်းဖြည်း သဘောပေါက်လာခဲ့တယ်။
၁၉၉၈ နဲ့ ၂၀၀၀ ခုနှစ်တွေမှာ ဂိမ်းခွေအငှားဆိုင်နဲ့ ဆိုင်ဆော့ ဂိမ်းဆိုင်တွေကို အိမ်မှာ ဖွင့်ဖြစ်ခဲ့တော့ ဂိမ်းလောက အကြောင်းနဲ့ ဂိမ်းစက်တွေ ဂိမ်းခွေတွေ အကြောင်း ပို သဘောပေါက်လာခဲ့တယ်။
ဂိမ်းနဲ့ ပတ်သက်ပြီး ကျွန်တော့်ငယ်စဉ်ဘဝကို ကြည့်ရင် Handheld စက်တွေထက် Console စက်တွေဖက်ကို ပိုအားသာခဲ့တာကို တွေ့ရမှာပါ။ ဒါပေမယ့် Handheld နဲ့ ပတ်သက်ရင်လည်း ဇာတ်လမ်းလေးတွေ ရှိခဲ့ပါတယ်။

ပထမဆုံး Handheld စဆော့ဖူးတာက သနပ်ပင်မှာ။ အတိအကျ မမှတ်မိတော့ပေမယ့် ၁၉၈၈-၈၉ လောက်လို့တော့ ထင်တယ်။ အဲဒီတုန်းက သနပ်ပင်က ဦးလေးတစ်ယောက်ရဲ့ အိမ်ကို သွားလည်တုန်း သူတို့ ဆော့တာကို တွေ့ရင်းနဲ့ ဆော့ဖြစ်ခဲ့တာ။ Game & Watch စီးရီးထဲက Mario Bros လေး။ အုတ်သယ်တဲ့ဂိမ်းလို့ ခေါ်တာကို မှတ်မိသေးတယ်။ နောက်ပိုင်း ရန်ကုန်ရောက်လာတဲ့ နှစ်အစောပိုင်းမှာ Game Boy စက်ကို စဆော့ဖူးတယ်။ ကျွန်တော့်ညီက သူ့ သူငယ်ချင်းဆီက ငှားဆော့တာ။ Game Boy Wars ဆိုတဲ့ ဂိမ်းလေး။ အဲဒီနောက်ပိုင်း နှစ်တော်တော်ကြာကြာ Handheld နဲ့ အဆက်ပြတ်သွားတယ်။
ကိုယ်ပိုင် Handheld စက် စရခဲ့တာက ၂၀၀၃ ခုနှစ်မှ။ အဲဒီအချိန်မှာ တက္ကသိုလ်တက်နေပြီဆိုတော့ မုန့်ဖိုးကလည်း ပုံမှန်ရတယ်။ အဲဒီ မုန့်ဖိုးတွေကို စုထားတဲ့ပိုက်ဆံရယ်၊ တရုတ်နှစ်ကူးမှာ ရတဲ့ အန်ပေါင်းတွေရယ် ပေါင်းပြီး Game Boy Advance စက်လေး ဝယ်ခဲ့တယ်။ ၈၀၀၀၀ လောက်ပေးခဲ့ရတယ်လို့တော့ မှတ်မိတယ်။

၂၀၀၃ ကနေ ၂၀၁၀ လောက်အထိကတော့ ဝါသနာနဲ့ ပတ်သက်ရင် သိပ် ထူးထူးခြားခြား ပြောစရာမရှိဘူး။ စာအုပ်တွေ ဆက်ဝယ် ဆက်ဖတ်တယ်၊ ဂိမ်းစက်ဆိုရင် လက်ထဲမှာ ရှိတဲ့ PlayStation စက်လေးကို ဆော့လိုက်၊ ဆိုင်မှာ သွားဆော့လိုက် လုပ်တယ်၊ Handheld ဆိုရင် GBA ကနေ DS တို့ PSP တို့ ဖြစ်သွားတယ်။ တက္ကသိုလ်ကျောင်းသားဘဝကနေ ဘွဲ့ရ၊ စီးပွားရေးလောကထဲဝင်၊ နောက် NGO လောကထဲရောက်… ဘယ်လိုပဲ ဖြစ်နေနေ စာဖတ်တာ၊ ဂိမ်းဆော့တာတော့ မပြတ်ဘူး။
၂၀၁၁ မှာ ကျွန်တော့်ရဲ့ ဝါသနာလမ်းကြောင်းမှာ ကြီးကျယ်တဲ့ အပြောင်းအလဲတစ်ခု စဖြစ်တယ်။ အဲဒါကတော့ အရုပ်တွေ စုဝယ်ဖြစ်တာပဲ။ အရုပ်ဆိုပြီးပြောရင် ကလေးကစားတဲ့ဟာကို ပြောတာမဟုတ်ဘူး။ ကာတွန်း၊ ဝတ္ထု၊ ရုပ်ရှင်၊ ဂိမ်း စတာတွေ ထဲက ဇာတ်ကောင်တွေကို ပြောတာ။ အဲဒါတွေကို ၂၀၁၁ မတိုင်ခင်က စိတ်ကို မဝင်စားခဲ့တာ။ ၂၀၁၁ ရောက်မှ ဘာကြောင့်မှန်းမသိ စိတ်ဝင်စားလာပြီး စဝယ်ဖြစ် စုဖြစ်ခဲ့တယ်။ ကျွန်တော် Collector ဘဝရဲ့ အစလို့ ပြောလို့ရတယ်။ အရင်က စုဖို့ဆိုတာ ခေါင်းထဲမှာ မရှိခဲ့ဘူး။ ဖတ်မယ် ဆော့မယ်၊ ဒါပဲ။
ပထမဆုံး စဝယ်ဖြစ်ခဲ့တဲ့ အရုပ်ကိုလည်း မှတ်မိသေးတယ်။ အဲဒါက စနိုးဝိုက်နဲ့ လူပုလေး ၇ ယောက်။ ဒဂုံစင်တာအပေါ်က ဆိုင်တဆိုင်ကနေ ဝယ်ခဲ့တာ။ အဲဒီတုန်းက အဲဒါတွေက အတုလား အစစ်လား၊ ဘာတံဆိပ်လည်း၊ ဈေးမှန်ရဲ့လား စတာတွေ ဘာမှ မသိခဲ့ဘူး။ ကြိုက်တယ် ဝယ်တယ်… ဒါလောက်နဲ့ စခဲ့တာ။

အဲဒီကနေစလိုက်တာ အခုဆိုရင် လက်ထဲမှာ ဇာတ်ကောင်ရုပ်ပေါင်း ၂၀၀ ကျော်လောက် ရှိနေပြီ။ အရွယ်အမျိုးမျိုး၊ ဈေးအမျိုးမျိုး၊ တံဆိပ်အမျိုးမျိုးနဲ့ပေါ့။ ဒီကြားထဲမှာ စုဆောင်းသူ (Collector) တစ်ဦးအနေနဲ့ ရှိသင့်ရှိထိုက်တဲ့ ဗဟုသုတ၊ ကျွမ်းကျင်မှု၊ ဈေးကွက်အနေအထား၊ အတုအစစ် ဘယ်လိုခွဲရတယ် စတဲ့ အရာတွေကို တဖြည်းဖြည်းနဲ့ သိရှိ နားလည်လာခဲ့တယ်။
ဂိမ်းကို ငယ်ငယ်ကတည်းက စဆော့ခဲ့ပေမယ့် ဂိမ်းနဲ့ ပတ်သက်ပြီး စုဆောင်းတာက ဇာတ်ကောင်ရုပ်စုတာထက် နောက်ကျခဲ့တယ်။ ၂၀၁၄ ခုနှစ်အထိ ဂိမ်းစက်တွေ၊ ဂိမ်းခွေတွေ ဝယ်တာက ဆော့ဖို့ အတွက် သီးသန့်ပဲ။ ဆော့မယ်၊ မဆော့တော့ရင် ပြန်ရောင်းမယ် ဆိုတာလောက်ပဲ စဉ်းစားမိခဲ့တာ။ ဇာတ်ကောင်ရုပ်စုတာ တော်တော် အရှိန်ရနေပြီ ဖြစ်တဲ့ ၂၀၁၅ ခုနှစ်ရောက်မှ လက်ထဲမှာ ရှိတဲ့ ဂိမ်းစက်တွေ၊ ခွေတွေကို ပြန်မရောင်းတော့ဘူး၊ စုတော့မယ်လို့ ဆုံးဖြတ်ဖြစ်ခဲ့တာ။ အဲဒီနောက်မှာတော့ ဂိမ်းနဲ့ ပတ်သက်ပြီး စုဆောင်းတာက အရှိန်ရလာပြီး အခုဆိုရင် လက်ထဲမှာ ဂိမ်းခွေမျိုးစုံ ၃၀၀ ကျော် အပါအဝင် ဂိမ်းစက်တွေ၊ ဂိမ်းဆက်စပ်ပစ္စည်းတွေ တော်တော်များများ ရှိနေပါပြီ။ ဂိမ်းနဲ့ ပတ်သက်ပြီး အဓိက စုဖြစ်တာက Nintendo နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေပါ။

နောက်ပိုင်း ဂိမ်းတွေ၊ ဇာတ်ကောင်ရုပ်တွေဖက်ကို အာရုံကျလာပေမယ့် စာအုပ်တွေ ဝယ်တာ ဖတ်တာကလည်း ဆက်လုပ်ဖြစ်နေပါတယ်။ အိမ်မှာ ကျွန်တော်ရဲ့ စာအုပ်စင်ရှိပြီး လက်ရှိအထိ အမျိုးအစားစုံ စာအုပ်ပေါင်း ၃၀၀ ကျော် ရှိပါတယ်။
၂၀၁၃ နှစ်ကုန်ပိုင်းမှ စတင်ပြီး ဝါသနာပါသော အကြောင်းအရာများနှင့် ပတ်သက်သည့် စာတိုများ၊ ဆောင်းပါးများကို စတင်ရေးခဲ့ပြီး “ဇာတ်ကောင်ရုပ်စုဆောင်းခြင်း ဝါသနာ” ဆိုသည့် ဆောင်းပါးကို Gamers Magazine မှ ၂၀၁၄ ဇန်နဝါရီလတွင် ထည့်သွင်းဖော်ပြခဲ့သည်။ ယင်းသည် ပုံနှိပ်ထုတ်ဝေသည့် စာစောင်တစ်ခုတွင် ပထမဆုံး ဖော်ပြခံရသည့် ကျွန်တော်၏ ဝါသနာဆိုင်ရာ ဆောင်းပါးတစ်ပုဒ် ဖြစ်လာသည်။ နောက်ပိုင်းတွင်လည်း ဆောင်းပါးအချို့ ဆက်လက် ဖော်ပြခံခဲ့ရသည်။ ယခုနောက်ပိုင်းတွင်မူ မိမိရေးသားသည့် အရာများကို လူမှုမီဒီယာပေါ်တွင် တင်ပြခြင်းများ ဆက်လက် ပြုလုပ်နေပါသည်။ ရေးသားထားသည့်စာများကို (ဤနေရာ) တွင် ဖတ်ရှုနိုင်ပါသည်။

၂၀၁၄ ခုနှစ်အတွင်း လူမှုမီဒီယာ ဖြစ်သော Facebook တွင် ဝါသနာဆိုင်ရာ Page ဖြစ်သော Video Games and Figures Collector House ကို စတင် ဖန်တီးခဲ့ပြီး ဝါသနာပါသည့်အကြောင်းအရာများ၊ စုဆောင်းထားသည့် အရာများနှင့် ပတ်သက်သည့် အကြောင်းအရာများကို မျှဝေတင်ပြခဲ့သည်။ (Facebook Page ကို ဤနေရာတွင် ကြည့်ပါ)

၂၀၁၆ နှစ်ဆန်း၌ YouTube တွင် ကိုယ်ပိုင် Channel ဖွင့်ပြီး ဝါသနာပါသည့် အကြောင်းအရာများနှင့် ပတ်သက်သည့် ဗီဒီယိုများ ဖန်တီး တင်ပြခဲ့သည်။ (YouTube Channel ကို ဤနေရာတွင် ကြည့်ပါ)