အလုပ်အကိုင်မှတ်တမ်း

ကျွန်တော့်ရဲ့ ပထမဆုံး အလုပ်အကိုင်အတွေ့အကြုံကို ဒသမတန်းအပြီး ၁၉၉၈ ခုနှစ်အစောပိုင်းမှာ စရခဲ့တယ်။ ၁၉၉၇ မှာ ဒသမတန်း အောင်မြင်ပြီးတော့ တက္ကသိုလ်တွေ ပိတ်ထားလို့ ဘာလုပ်ရမှန်း မသိ ဖြစ်နေချိန်ပေါ့။ တချို့ သူငယ်ချင်းတွေလို နိုင်ငံခြားမှာပဲ ကျောင်းသွားတက်ရတော့ မလိုလို၊ အဲဒီတုန်းက ဖွင့်တဲ့ တပ်မတော် ဆေးတက္ကသိုလ်ကိုပဲ လျှောက်ရတော့မလိုလို ဖြစ်နေချိန်မှာ အဲဒါတွေ မလုပ်ဘဲ တက္ကသိုလ်တွေ အကုန်ဖွင့်တဲ့ အချိန်ကို စောင့်မယ်၊ ကြားထဲမှာ သင်တန်းတွေတက်၊ အလုပ်လုပ်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့တယ်။
၁၉၉၇ အတွင်းမှာ သင်တန်းတွေ တက်ခဲ့တယ်၊ ၁၉၉၈ အစပိုင်းမှာ ကားပွဲစားလောကကို ဝင်လုပ်ခဲ့တယ်။ အသက်က ၁၈ နှစ်၊ ဘာအတွေ့အကြုံမှလဲမရှိတော့ ကားပွဲစားလောကမှာ ယောင်လည်လည်နဲ့ တစ်နှစ်ကျော် ကြာလုပ်ခဲ့တယ်။ မှတ်မှတ်ရရ ပထမဆုံး ကိုယ်ကိုင်ခဲ့ရတဲ့ကားက Nissan Sunny ၁၉၈၇ မော်ဒယ် (၈၆ မော်ဒယ်ကိုမှ မသိမသာလေးပဲ ပြောင်းသွားတာ)။ အမေ ထုတ်ပေးတဲ့ အရင်းအနှီးလေးနဲ့ ဝယ်ရောင်းလုပ်ဖို့ ပထမဆုံး ဝယ်ဖြစ်ခဲ့တာ။ ကိုယ်က ဘာမှ မကြည့်တတ်တော့ ယုံကြည်ရတယ်ဆိုတဲ့ သူကို အားကိုးမိတာ မှန်မှာ အစက်ပါတာတွေ၊ ကားထိထားတာတွေ ဘာမှ မသိဘဲ ဝယ်ခဲ့တယ်။ ဘာပဲ ဖြစ်ဖြစ် ကိုယ် ကားတစ်စီးရပြီ ဆိုပြီး ပျော်ခဲ့တာပေါ့။ အဲဒီ ကားနဲ့ပဲ အဲဒီတုန်းက ကားပွဲစားတန်းရှိတဲ့ ဟံသာဝတီ ကားဝင်းကြီး (ဟိုးအရင်က ကြံတော သုဿန်နေရာ၊ အခုတော့ Junction Square တို့ Time Square တို့ ရှိတဲ့နေရာ) ကို နေ့တိုင်းသွား၊ စကားတွေပြော၊ ကားတွေကြည့်၊ ရောင်းလိုက် ဝယ်လိုက် နဲ့ လုပ်ခဲ့တယ်။ ကိုယ်နဲ့ ပေါင်းတဲ့ သူတွေကြားမှာ အငယ်ဆုံးဆိုတော့ ဝိုင်းစတာတွေ၊ ဝိုင်းနှိပ်တာတွေ ခံခဲ့ရတာ အမှတ်တရပဲ။

ဒုတိယအတွေ့အကြုံ ရခဲ့တာက ဂိမ်းနဲ့ ပတ်သက်တဲ့ ဆိုင် အတွေ့အကြုံ။ ကျွန်တော် ညီအလတ် ၁၉၉၈ မှာ ဒသမတန်းအောင်ပြီးတော့ သူ Study Guide လုပ်လို့ရတဲ့ ငွေလေးနဲ့ လသာမြို့နယ် ၂၃ လမ်းက ကျွန်တော်တို့ အမေအိမ်မှာ ဂိမ်းခွေ အငှားဆိုင်လေး ဖွင့်တယ်။ PlayStation နဲ့ ကွန်ပြူတာ ဂိမ်းခွေတွေ ငှားတဲ့ဆိုင်ပေါ့။ နာမည်က Smile Game World တဲ့။ သူ အဲဒီလို ဖွင့်တော့ အိမ်မှာ ရှိတဲ့ အမေရော၊ ကျွန်တော် ရော၊ ဝိုင်းကူကြတယ်။ ဒါကတော့ အိမ်မှာ ဆိုင်ဖွင့်တာနဲ့ ပတ်သက်ပြီး ရတဲ့ အတွေ့အကြုံ။ အဲဒီဆိုင်မှာ နောက်ပိုင်း PlayStation စက်တွေပါ ငှားလာတော့ ဖြစ်တဲ့ ပြဿနာတွေ လိုက်ရှင်းရတာတွေ ဘာတွေလည်း ကြုံခဲ့ရတယ်။
ကျွန်တော် ကားပွဲစားလုပ်တာကလည်း အတွေ့အကြုံ၊ ငွေအင်အား မရှိတာကြောင့် ဘာမှ ဖြစ်ဖြစ်မြောက်မြောက် သိပ်မရှိခဲ့ဘူး။ အဲဒီအချိန်မှာ မုံရွာမြို့မှာ ရှိတဲ့ ကျွန်တော့် ဦးလေးက သူ့ဆီမှာ လာကူလုပ်ပါလားလို့ ခေါ်တယ်။ သူက Max အချိုရည်ရဲ့ စစ်ကိုင်းတိုင်း ဖြန့်ချီရေးကိုယ်စားလှယ်ရထားတော့ အလုပ်များနေတဲ့အချိန်ပေါ့။ ဒါနဲ့ပဲ ကျွန်တော့်အမေက ကျွန်တော့်ကို အတွေ့အကြုံရအောင် အဲဒီမှာ သွားလုပ်ဆိုပြီး လွှတ်လိုက်တယ်။ အချိန်က ၁၉၉၉ အစောပိုင်း။ မှတ်မှတ်ရရ ကားပွဲစားအနေနဲ့ ကျွန်တော် နောက်ဆုံး ကိုင်ခဲ့ရတာက Nissan Sunny ၁၉၉၀ မော်ဒယ်။ အဲဒီကတည်းက Nissan Sunny နဲ့ ရေစက်ပါခဲ့တာပဲ။
မုံရွာမြို့က ဦးလေးရဲ့ ရုံးကိုရောက်တော့ အတွေ့အကြုံသစ်တွေ ထပ်ရတယ်။ သူက ရန်ကုန်ကလာတဲ့ အချိုရည်ပုလင်းတွေကို မုံရွာကနေတဆင့် အနယ်နယ်ကို ဖြန့်ချီပေးရတာ။ ရုံးလုပ်ငန်းပိုင်းရော၊ ဖြန့်ချီရေးပိုင်းရော၊ အကုန်လုပ်ရတယ်။ လိုရင်လိုသလို ကျရာနေရာ (အချိုရည်ကတ်တွေ သယ်တာ၊ လိုက်ပို့တာ၊ ငွေကောက်တာ၊ အော်ဒါ လက်ခံတာ စတာတွေ) မှာ အကုန် လုပ်ရတယ်။ မတူညီတဲ့ အတွေ့အကြုံတွေ ရခဲ့တာပေါ့။
၁၉၉၉ ဒီဇင်ဘာလမှာ တက္ကသိုလ် တက်ဖို့ ရန်ကုန်ကို ပြန်လာခဲ့တယ်။ တက္ကသိုလ်တက်ပြီး သိပ်မကြာဘူး၊ ၂၀၀၀ ခုနှစ်အတွင်းမှာ ကျွန်တော့်ညီက သူ့ရဲ့ ဂိမ်းခွေအငှားဆိုင်ကို ချဲ့တဲ့အနေနဲ့ ဆိုင်ကို လာဆော့လို့ရတဲ့ PlayStation ဂိမ်းဆိုင်ကို ထပ်ဖွင့်ခဲ့တယ်။ Phoenix ဆိုတဲ့နာမည်နဲ့။ ၂၀၀၆ ခုနှစ် အဲဒီဆိုင်ကို မပိတ်ခင်အထိ ဆိုင်မှာ အားရင် အားသလို ဝိုင်းကူရင်းနဲ့ ဂိမ်းဆိုင် ဖွင့်တဲ့ အတွေ့အကြုံကိုလည်း တော်တော်လေး ရခဲ့တယ်။ ဂိမ်းလောကရဲ့ သဘောသဘာဝကို သေချာစသိခဲ့တာလည်း အဲဒီအချိန်လောက်ပဲ။
၂၀၀၆ ခုနှစ် တက္ကသိုလ်က ဘွဲ့ရတော့ ကျွန်တော်က ဆရာဝန် အလုပ်ကို စိတ်မဝင်စားဘူး၊ တခြားဟာဘဲ လုပ်မယ်ဆိုပြီး စီးပွားရေးလုပ်ဖို့ ပြန်ကြိုးစားတယ်။ အဲဒီမှာ ကျွန်တော့် ဦးလေးရဲ့ ကုမ္ပဏီဖြစ်တဲ့ Swam Myat Agricultural Trading Co.,Ltd. မှာ လုပ်ခဲ့ပြီး ပဲအရောင်းအဝယ်လောကထဲကို ခြေဆန့်ခဲ့တယ်။ ဘုရင့်နောင်မှာ ရှိတဲ့ ကုန်စည်ဒိုင်ကို ပုံမှန်သွားတယ်၊ ဈေးကွက် အခြေအနေနဲ့ အရောင်းအဝယ်လုပ်တာတွေကို လေ့လာတယ်။ ကုမ္ပဏီရဲ့ ဂိုထောင်ရှိတဲ့ ရွှေလင်ပန်း စက်မှုဇုန်ကို ပုံမှန်သွားပြီး အဲဒီမှာ ကုန်အဝင်အထွက်တွေ၊ ကုန်အထားအသိုတွေ၊ အလုပ်သမား စီမံခန့်ခွဲတာတွေကို လေ့လာသင်ယူပြီး ကူညီပေးတယ်။ ဒါ့အပြင် ကုမ္ပဏီ ရုံးခန်းရှိတဲ့ လမ်းမတော်မြို့နယ် ၁၅ လမ်းမှာ ရုံးအလုပ်ပိုင်းကို ကူညီပေးရတယ်။ ဒီအလုပ်ကို လေ့လာသင်ယူရင်း လုပ်နေတာ ၂၀၀၉ ခုနှစ် နှစ်ဆန်းအထိပါပဲ။ ကြားထဲမှာ သင်တန်းတက်ဖို့ ခဏနားတာ ရှိခဲ့ပေမယ့် ကျန်အချိန်တွေမှာ ဆက်တိုက်လုပ်ခဲ့တာပါ။

၂၀၀၈ ခုနှစ် မှာ တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြီးဟာ ကျွန်တော့် ဘဝကို တဆစ်ချိုးပြောင်းသွားဖို့အတွက် ဖြစ်လာတယ်။ အဲဒီမတိုင်ခင်တုန်းက လူမှုရေးတို့၊ အရပ်ဖက်အဖွဲ့အစည်း (CSO)၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း (NGO) ဆိုတာတွေကို သေချာလည်း မသိခဲ့ စိတ်လည်း မဝင်စားခဲ့ဘူး။ နာဂစ်အပြီး Nargis Action Group (NAG) မှာ လုပ်အားပေး အဖြစ် စတင်လုပ်ကိုင်ခဲ့တော့မှ အဲဒီအကြောင်းတွေကို စသိလာပြီး စိတ်ဝင်စားလာခဲ့တာ။ NAG မှာ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒေသတွေကို သွားပြီး ဒေသခံများကို ဆေးကုသပေးခြင်း၊ ထိုသူများထံသို့ လိုအပ်သော ဆေးဝါးများ ပေးပို့မှုကို ကူညီပေးခြင်း ကြီးကြပ်ပေးခြင်းများ ဆောင်ရွက်ခဲ့တယ်။

ဒါနဲ့ပဲ ၂၀၀၉ နှစ်ဆန်းပိုင်းမှာ NGO တွေက အလုပ်ခေါ်စာတွေကို ရှာဖွေပြီး စိတ်ဝင်စားတာရှိရင် လျှောက်လွှာတွေ တင်ခဲ့တယ်။ ၂၀၀၉ ဖေဖော်ဝါရီလအတွင်း ကျွန်တော့်ကို အင်တာဗျူးခေါ်ခဲ့တဲ့ အဖွဲ့တွေက ရတနာ့မေတ္တာနဲ့ World Vision။ ကျွန်တော့်အနေနဲ့ ရတနာ့မေတ္တာကို ပိုစိတ်ဝင်စားပေးမယ့် World Vision က အရင် ခေါ်ခဲ့လို့ အဲဒီကို ရောက်သွားတာ။ ရတနာ့မေတ္တာက လှမ်းခေါ်ချိန်မှာ World Vision မှာ အလုပ်စဝင်နေပြီ။

ကျွန်တော် ပထမဆုံး NGO လောကမှာ အမှန်တကယ် စလုပ်ဖြစ်ခဲ့တာက ၂၀၀၉ ခုနှစ် မတ်လ ၂၃ ရက်။ ရာထူးက Protection Associate၊ ကိုယ့်အထက်မှာ ရှိတာက Ms. Makiba Yamano ဆိုတဲ့ ဂျပန်အမျိုးသမီး။ သူက ကျွန်တော့်အပေါ်မှာ အလွန်ကောင်းပြီး NGO လောကနဲ့ ပတ်သက်တဲ့ သိသင့်တာတွေ၊ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ၊ ဆောင်ရန် ရှောင်ရန်တွေကို သေချာသင်ပေးခဲ့တယ်။ ကျွန်တော် ကံကောင်းတာက NGO လောကထဲကို အဲဒီလို စရောက်လာချိန်ကစပြီး ကိုယ့်အထက်က လူကြီးတွေအကုန်လုံး သဘောကောင်းပြီး အကူအညီပေးတာပဲ။

World Vision ရဲ့ Protection Department မှာ ဒီလိုနဲ့ ၃ နှစ်ကျော် ကြာခဲ့တယ်။ စစချင်း Protection Associate ကနေ ၂၀၁၀ အတွင်းမှာ Protection Specialist အဖြစ် ရာထူးတိုးခဲ့ပြီး အဲဒီ ရာထူးနဲ့ပဲ World Vision က ထွက်ခဲ့တဲ့ ၂၀၁၂ ဇွန်လအထိ လုပ်ခဲ့တယ်။ လုပ်ရတဲ့ အလုပ်က သဘာဝဘေးအန္တရာယ်ဒဏ် ခံရတဲ့ ဒေသက သူတွေရဲ့ လူ့အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်တဲ့ အလုပ်။ အင်္ဂလိပ်အစိုးရက ပေးတဲ့ DFID funded စီမံချက် တစ်ခုအောက်က လုပ်ရတာ။ အဲဒီတုန်းက လူ့အခွင့်အရေးဆိုတဲ့စကားလုံးကို ပေါ်ပေါ်တင်တင် သုံးမရတော့ ကာကွယ်စောင့်ရှောက်မှု လုပ်ငန်း လုပ်တယ်ဆိုပြီးပဲ ပြောခဲ့ရတယ်။ သင်တန်းတွေ ပေးရတယ်၊ စစ်တမ်းတွေ ကောက်ရတယ်၊ စောင့်ကြည့်လေ့လာတာတွေ လုပ်ရတယ်။ ကျွန်တော် ကိုယ်တိုင် စုစုပေါင်း သင်တန်း ၄၀ ကျော် ပေးခဲ့တယ်။ လုပ်နေတဲ့ စီမံချက် ပြီးသွားတဲ့ ၂၀၁၂ ဇူလိုင်လမှာ World Vision ကနေ UNHCR ကို ပြောင်းခဲ့တယ်။

UNHCR မှာ Protection Associate အဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး အဓိက လုပ်ရတာကတော့ ဒုက္ခသည်တွေနဲ့ စစ်ဘေးရှောင်တွေရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်တာပါ။ အဲဒီအချိန်က ပြဿနာတွေ ရှိနေတဲ့ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ် စတဲ့ ဒေသတွေကို သွားပြီး သင်တန်းပေးတာတွေ၊ စစ်တမ်းကောက်တာတွေ၊ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို လေ့လာစောင့်ကြည့်တာတွေ လုပ်ခဲ့ပါတယ်။ ၂၀၁၃ နှစ်ဆန်းမှာ Senior Protection Associate အဖြစ် ရာထူး တိုးမြှင့်ပေးခံခဲ့ရပါတယ်။

၂၀၁၃ အောက်တိုဘာလမှာ ဂျာမန် နိုင်ငံရေး ဖောင်ဒေးရှင်းတစ်ခုဖြစ်တဲ့ Friedrich Naumann Foundation (FNF) ကို ပြောင်းရွှေ့ခဲ့ပါတယ်။ တရားဥပဒေ စိုးမိုးရေး စီမံချက်ရဲ့ စီမံချက်မန်နေဂျာ အဖြစ် နဲ့ပါ။ အဓိက လုပ်ရတာကတော့ လွှတ်တော်တွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ဥပဒေပညာရှင်တွေနဲ့ လက်တွဲပြီး မြန်မာနိုင်ငံရဲ့ ဥပဒေ စနစ်ခိုင်မာလာရေး၊ လွှတ်တော်တွေရဲ့ စွမ်းဆောင်ရည် မြင့်တက်လာရေး၊ ခိုင်မာတဲ့ မူဝါဒတွေ ပေါ်ထွက် လာရေးတို့ကို ဦးတည်ဆောင်ရွက်တာပါ။ ဒီမှာလည်း ယခင် အဖွဲ့အစည်းများနှင့် မတူတဲ့ အတွေ့အကြုံများကို ရရှိခဲ့ပါတယ်။

၂၀၁၅ ခုနှစ်အတွင်း ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖောင်ဒေးရှင်းက အနားယူခဲ့ပြီး ၂၀၁၆ နှစ်ဆန်းမှာ ပြန်လည် ဝင်ရောက်ခဲ့ပါတယ်။ ၂၀၁၉ နှစ်ဆန်းမှာ အမှုဆောင်စီမံချက်မန်နေဂျာ အဖြစ် ရာထူးတိုးမြှင့်ပေးခံရပြီး လက်ရှိအချိန်အထိ လုပ်ကိုင်နေဆဲ ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်အတွင်းမှာပဲ အားလပ်ချိန်တွေမှာ အင်္ဂလိပ်-မြန်မာ ဘာသာပြန်တဲ့အလုပ်ကို အချိန်ပိုင်း စလုပ်ခဲ့ပါတယ်။