ပြောပြချင်သည့်အကြောင်းအရာ

၂၀၂၀ ရွေးကောက်ပွဲမှာ လသာမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ ဝင်ပြိုင်မယ့် ကျွန်တော် ကတော့ ဒီနှစ်ရွေးကောက်ပွဲမှာ မဲဆွယ်စကားအနေနဲ့ ၃ ခွန်းပဲ ပြောမယ်လို့ ဆုံးဖြတ်ထားပါတယ်။
ကျွန်တော် ခံယူထားတာကတော့ ကိုယ်မလုပ်နိုင်တာတွေကို လျှောက်ပြောနေမယ့် အစား ကိုယ်တကယ် လုပ်ပေးနိုင်ပြီး အာမခံနိုင်တာကိုပဲ ပြောတာက ကိုယ့်စိတ်ကိုယ်လည်း လုံတယ်၊ မုသာဝါဒကိုလည်း ကျူးလွန်ရာမကျတော့ဘူး။
ဒီတော့ ဒီ ၃ ခွန်းပဲ ကတိပေးမယ်၊ ဒါကိုပဲ ပြောမယ်။ ဒါကို ဒီလောက်ပဲ လုပ်နိုင်မှာလားဆိုရင် တော့... ဟုတ်ကဲ့၊ ကျန်တာတွေကို မပြောလို့ မလုပ်ပေးနိုင်တာ မဟုတ်ဘူး၊ ဒါပေမယ့် မသေချာတာတွေကို ကတိမပေးချင်ဘူး။ သူများတွေ မရှက်ရင်တောင် ကျွန်တော်တော့ ရှက်ပါတယ်။ မျက်နှာပြောင်နဲ့တော့ တသက်လုံး မနေနိုင်ပါဘူး။ ဒါကြောင့်ပါ…။

(က) “ပြည်ထောင်စု အဆင့် လွှတ်တော်မှာ လသာမြို့နယ်က လူတွေအတွက် အကောင်းဆုံး ကိုယ်စားပြုနိုင်မယ့်သူ ဖြစ်စေရမယ်လို့ အာမခံတယ်”။

လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် ရဲ့ လုပ်ဆောင်ရန် တာဝန်တွေထဲမှာ Representation လို့ ခေါ်တဲ့ ကိုယ်စားပြုမှုက အဓိကနဲ့ အခြေခံ အကျဆုံးပဲ။ သူ့ကို ဘာလို့ လူတွေ မဲပေးကြတာလဲ… လွှတ်တော်မှာ အဲဒီသူတွေရဲ့ ကိုယ်စား အရွေးခံရတဲ့ ကိုယ်စားလှယ်က ပြောပေး၊ ဆွေးနွေးပေး၊ ဆုံးဖြတ်ပေးရတာ။ ဒီအခြေခံလေးတောင်မှ ပြည့်ဝအောင် မလုပ်ပေးနိုင်ရင် အဲဒီ ကိုယ်စားလှယ်က ဘယ်သူကို ကိုယ်စားပြုတာလဲ၊ ဘာအတွက် လွှတ်တော်ထဲ ရောက်နေတာလဲလို့တောင် ပြန်မေးရမှာပါ။
အခုအထိ လသာမြို့နယ်ရဲ့ ပြည်ထောင်စုအဆင့် လွှတ်တော် မဲဆန္ဒနယ်တွေမှာ ဝင်ပြိုင်မယ့်သူတွေကို သိထားရသလောက်ကတော့ ကျွန်တော့်အနေနဲ့ ဒီကတိကို သေချာပေါက် ပေးရဲသွားပါပြီ။ ကိုယ့်ကိုကိုယ် ကျန်သူတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ဒေသခံလူထုကို ကိုယ်စားပြုမှု ပိုပေးနိုင်မယ်လို့ ယုံကြည်တယ်။
လသာမြို့နယ်မှာ နေတဲ့သူများက လွှတ်တော်ထဲမှာ တခုခု ပြောစေချင်ရင်၊ တင်ပြစေချင်ရင် အကောင်းဆုံး လုပ်ပေးနိုင်မယ်လို့ သေချာလို့ ကျွန်တော် ဒီ ပထမ ကတိကို ပေးပါတယ်။

(ခ) “လသာမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် မဲပေးရွေးချယ်ခံရရင် ပါတီအကျိုးစီးပွားနဲ့ မဲဆန္ဒရှင် ပြည်သူတွေရဲ့အကျိုးစီးပွား ယှဉ်လာတဲ့အခါ မဲဆန္ဒရှင် ပြည်သူတွေရဲ့ အကျိုးစီပွားကို ပို ဦးစားပေးမယ်လို့ အာမခံတယ်။”

အရှေ့ ၁၀ နှစ်တာ ကာလကို ကြည့်မယ်ဆိုရင် လွှတ်တော် ကိုယ်စားလှယ် ဖြစ်သွားပြီး သူများ၊ ဖြစ်နေဆဲသူများ အများစုဟာ လွှတ်တော်ထဲ အလုပ်လုပ်တဲ့အခါ သက်ဆိုင်ရာပါတီတွေရဲ့ အကျိုးစီးပွားကိုပဲ အဓိက ကြည့်ပြီး ဆောင်ရွက်ကြပါတယ်။ ချွင်းချက် အနေနဲ့ကတော့ ပါတီငယ်များက ကိုယ်စားလှယ်များနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်များကတော့ ပြည်သူတွေရဲ့ အကျိုးကို ပိုကြည့်တာတွေ ရှိခဲ့ပါတယ်။
လွှတ်တော်ကိုယ်စားလှယ် အားလုံးနီးနီးက ရွေးကောက်ပွဲကာလမှာ ပါတီတစ်ခုခုကို ကိုယ်စားပြုပြီး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြတာ ဆိုပေမယ့် လွှတ်တော်ကိုယ်စားလှယ် ဖြစ်သွားတာက ပြည်သူတွေရဲ့ မဲနဲ့ပါ။ အဲဒီကျေးဇူးဟာ အလွန်ကြီးပါတယ်။ မဲပေးခဲ့ကြတဲ့ ပြည်သူများဟာ ကိုယ့်ရဲ့ ကျေးဇူးရှင်များ ဖြစ်ပါတယ်။ ဝမ်းနည်းစရာ ကောင်းတာက အဲဒီသူများ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သွားတဲ့အခါ ကိုယ့်ကို မဲပေး ရွေးချယ်ခဲ့တဲ့ ပြည်သူတွေကို ပြန်လှည့်ကြည့်တာ၊ ပြည်သူတွေရဲ့ ဆန္ဒတွေကို တကယ် ထင်ဟပ်ပေးတာ အလွန်ကို နည်းသွားပါတယ်။ ပါတီရဲ့ အကျိုးစီးပွားကို လွှတ်တော်ထဲမှာ အကောင်အထည်ဖော်ကြရင်းနဲ့ပဲ အချိန်ကုန်သွားကြတာပါ။
ကျွန်တော်ရဲ့ အခု ဒုတိယ မဲဆွယ်စကား၊ မဲဆွယ်ကတိ က အဲဒီအခြေအနေကို မြင်ရ၊ ကြားရတာကနေ ထွက်ပေါ်လာတဲ့ ရင်တွင်းစကားတစ်ခုပါ။ လွှတ်တော်ထဲမှာ မဲဆန္ဒရှင် ပြည်သူတွေရဲ့ အကျိုးစီပွားကို တကယ် အကောင်အထည်ဖော်ပေးနိုင်တဲ့ ကိုယ်စားလှယ်များ အလွန်နည်းပါတယ်၊ အဲဒီ ကွက်လပ်ကို ကျွန်တော် သေချာပေါက် ပြည့်ပေးနိုင်မယ်လို့လည်း ယုံကြည်တယ်။ ဒါကြောင့် ဒီ ကတိစကားကို ပြတ်ပြတ်သားသား ပြောနိုင်ပါတယ်။

(ဂ) “ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် မဲပေးရွေးချယ်ခံရရင် လွှတ်တော်ထဲမှာ စီးပွားရေး၊ ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေကို အဓိက ဦးတည် ဆောင်ရွက်ရင်း လသာမြို့နယ်ကို လူအများ ပို၍ သတိပြုမိလာရန်နှင့် မြို့နယ်၏ ဂုဏ်တက်ရန် အကောင်းဆုံး ကြိုးစားသွားမယ်လို့ အာမခံတယ်။”

ပြီးခဲ့တဲ့ ၁၀ နှစ်တာ ကာလကို ကြည့်လျင် ပြည်ထောင်စု အဆင့်လွှတ်တော် ဖြစ်တဲ့ ပြည်သူ့လွှတ်တော်မှာ လသာမြို့နယ် ကိုယ်စားပြုခဲ့သူများသည် နိုင်ငံအဆင့်မှာ မိမိမြို့နယ်ကို လူပိုသိအောင်၊ လူပိုလေးစားလာအောင်၊ မြို့နယ်ရဲ့ ဂုဏ်သိက္ခာ တိုးတက်လာအောင် ကောင်းစွာ လုပ်ဆောင်နိုင်စွမ်း အားနည်းခဲ့ပါသည်။ လသာမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဘာလုပ်နေသလဲဟု မေးခံရလျှင် ဖြေစရာ အဖြေ ရှားပါးခဲ့သည်ကိုလည်း မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ ကျွန်တော်၏ ပထမ ကတိစကား ကို ပြန်ကောက်ရလျှင် ကိုယ်စားပြုမှု အားနည်းသလို မိမိမြို့နယ်အပေါ် ထားသည့်စေတနာလည်း အားနည်းသည်ဟု မြင်ပါသည်။ ထို့ကြောင့်ပင် မြို့နယ်၏ ဂုဏ်သိက္ခာ၊ ပုံရိပ် စသည်တို့ တိုးမြင့်အောင် လုပ်ဆောင်နိုင်မှု ထူးခြားစွာ မရှိခဲ့ပေ။
ထိုအချက်ကြောင့်ပင် ကျွန်တော့် မဲဆွယ်စကား၏ ဒုတိယပိုင်းကို ထည့်သွင်းပြောကြားရခြင်း ဖြစ်ပါသည်။ လသာမြို့နယ်သား ဖြစ်သော ကျွန်တော့်အတွက် မြို့နယ်၏ ဂုဏ်ဆောင်ရန်မှာ အသက်တမျှ အရေးကြီးသည်ဟု ခံယူပါသည်။
ကျွန်တော်သည် ဆေးပညာရပ်ကို သင်ကြားခဲ့သည့် ဆရာဝန်တစ်ဦးဖြစ်ပြီး ယခုအခါ ပြည်သူများကို ပညာပေးသည့် လုပ်ငန်းများ ဆောင်ရွက်နေသူ တစ်ဦးဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ထိုကဏ္ဍ ၂ ခု၌ မည်သည့်လိုအပ်ချက်များ ရှိသည်ကို မြင်တွေ့ကြားသိနေရပြီး မည်သို့ ဆောင်ရွက်လျှင် တိုးတက်လာနိုင်သည် ဆိုသည့် အချက်များကို လေ့လာမှတ်သား စဉ်းစား ထားမှုများ ရှိပါသည်။ ထိုအချက်များသည် ကျွန်တော် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်ခဲ့ပါက ကိုယ်စားလှယ်တစ်ဦး၏ လုပ်ငန်းတာဝန်များ ဖြစ်သော ဥပဒေပြုခြင်း၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်များကို စောင့်ကြည့်ထိန်းညှိခြင်း စသည်တို့ ဆောင်ရွက်သည့်အခါ များစွာ အထောက်အကူပြုနိုင်ပါသည်။ ထို့အပြင် ယင်းကဏ္ဍ ၂ ခုသည် ကျွန်တော်လွန်စွာ စိတ်ဝင်စားပြီး နိုင်ငံအတွက်လည်း အရေးကြီးသည်ဟု ခံယူသောကြောင့် ဦးစားပေး ဆောင်ရွက်ရန် စဉ်းစားထားပါသည်။
ကျွန်တော်သည် စီးပွားရေးသမားတစ်ဦး မဟုတ်ပါ၊ သို့သော် နိုင်ငံတစ်ခုအတွက် စီးပွားရေး မည်မျှ အရေးကြီးသည်ကိုတော့ နားလည်သဘောပေါက်ပါသည်။ ထို့အပြင် စီးပွားရေး၏ အခြေခံသဘောတရားများနှင့် လက်ရှိတွင် ကမ္ဘာအနှံ့ ကျင့်သုံးအောင်မြင်နေသည့် စီးပွားရေးစနစ်များ၊ ပုံစံများကို လေ့လာသင်ယူခဲ့ဖူးပြီး လက်ရှိတွင်လည်း မိမိဖာသာ တတ်စွမ်းသမျှ လေ့လာသင်ယူနေဆဲ ဖြစ်ပါသည်။
မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအတွက် စီးပွားရေးသည် ဘက်ပေါင်းစုံအတွက် အရေးကြီးပါသည်။ စီးပွားရေးခိုင်မာတောင့်တင်းမှု မရှိဘဲ မည်သည့်အရာကိုမှ မလုပ်နိုင်ပါ။ ကုန်ကုန်ပြောရလျှင် မြန်မာနိုင်ငံ ကြုံတွေ့နေရသည့် အခက်အခဲကြီးများဖြစ်သော အခြေခံဥပဒေအရေး၊ ငြိမ်းချမ်းရေး၊ ဖယ်ဒရယ်အရေး စသည်တို့အတွက်ပင် စီးပွားရေးသည် အလွန်အရေးပါသော နေရာမှ ပါဝင်နေသည်ဟု ယုံကြည်ပါသည်။ ထို့ကြောင့် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် တထောင့်တနေရာမှ မဖြစ်မနေ ပါဝင်ရမည်ဟု လက်ခံထားသည့်အတွက် စီးပွားရေးကိုလည်း ဦးစားပေးရန် စဉ်းစားထားပါသည်။
ကျွန်တော့်ကို မဲပေးရွေးချယ်ခဲ့လို့ မြို့နယ်ရဲ့ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ဆောင်ရွက်ခွင့် ရခဲ့ရင် ဒီအချက်တွေကို အခြားသူတွေထက် ပိုကောင်းအောင် ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်တဲ့အတွက် ကျွန်တော့်ကို ကိုယ်စားပြုခွင့်ပေးပါလို့ အားလုံးကို မေတ္တာရပ်ခံချင်ပါတယ်။