ကျွန်‌တော့်ဘဝ

ကျွန်တော့်ကို ၂၁.၉.၁၉၈၀ မှာ မုံရွာမြို့ ဘုရားကြီးလမ်းက အိမ်တစ်အိမ်ရဲ့ လှေကားနားမှာ မွေးဖွားခဲ့ပါတယ်။ မိဘတွေကတော့ ဦးတင်ရွှေ၊ ဒေါ်ခင်စန်းမြင့် ပါ။ အဖေက ပဲခူးသား၊ အမေက မုံရွာသား။ ကျွန်တော့်မှာ ကျော်ကျော်စိုင်းနဲ့ ဝေယံပိုင် ဆိုတဲ့ ညီ ၂ ယောက်ရှိတယ်။

မွေးဖွားတဲ့နေ့က မုံရွာမြို့မှာ မိုးသဲသဲမဲမဲ ရွာတာ တပတ်လောက်ကြာတယ်လို့ ပြောတယ်။ မုံရွာလို အပူပိုင်းဒေသမှာ ဒီလိုမျိုး မိုးရွာဖို့က ခက်ခဲတယ်ဗျ။ ကျွန်တော်မွေးတုန်းက အသားအရမ်းမည်းပြီး အသက်နည်းနည်းရလာမှ ပြန်ဖြူလာတာတဲ့။ မွေးပြီး အသက် ၁ နှစ်လောက်မှာ ဖခင်နေထိုင်ရာ ပဲခူးမြို့သို့ ပြောင်းရွေ့ခဲ့တယ်။ ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းပေါ်က အဖိုးရဲ့ အိမ်မှာ အသက် ၈ နှစ်လောက်အထိ နေခဲ့တယ်။

အသက် ၄ နှစ်မှာ မူကြိုစတက်ခဲ့ပြီး ၅ နှစ်မှာတော့ ပဲခူးမြို့က အမှတ် ၃ မူလတန်းကျောင်း မှာ တတိယတန်းအထိ ပညာသင်ခဲ့သည်။ အဲဒီတုန်းက အတန်းစဉ် ဆုတွေ ပုံမှန်ရတယ်တဲ့။ အဲဒီကျောင်းကတော့ ကျွန်တော်ပြောင်းပြီး မကြာပါဘူး၊ မီးလောင်ပြီး ပြန်မဆောက်တော့လို့ အဲဒီနေရာမှာ အခု မရှိတော့ပါဘူး။

၁၉၈၈ ခုနှစ် လူထုအုံကြွမှု ဖြစ်တဲ့ အချိန်မှာ ကျွန်တော့်အသက်က ၈ နှစ်။ အဲဒီအရေးအခင်းကြီး ဖြစ်တဲ့အချိန် ကျောင်းတွေ ပိတ်ထားတော့ ကျွန်တော့်မိဘတွေက ကျွန်တော့်နဲ့ ညီ အလတ်ကောင်ကို လုံခြုံရေးအတွက် သနပ်ပင် က အမျိုးတွေဆီ ပို့ထားလို့ အဲဒီမှာ လတော်တော်ကြာကြာ နေလိုက်ရသေးတယ်။ ညီအငယ်ဆုံးတစ်ယောက်ပဲ မိဘတွေနဲ့ ပဲခူးမြို့ပေါ်မှာ ကျန်ခဲ့တာ။
အရေးအခင်းကြီးအပြီး ၁၉၈၉ မှာ ကျွန်တော်တို့ မိသားစု ရန်ကုန်ကို ပြောင်းလာတယ်။ ရောက်ရောက်ချင်း ဦးလေးအိမ်ရှိတဲ့ လမ်းမတော်မြို့နယ် ၁၃ လမ်း မှာ ခဏနေခဲ့ကြသေးတယ်။ နောက်မှ လသာမြို့နယ် ၂၃ လမ်းက အိမ်ကို ပြောင်းခဲ့တယ်။
ရန်ကုန် ရောက်လာပြီးတော့ စတုတ္ထတန်းမှ ပဉ္စမတန်းအထိ အလက (၁) လသာမှာ ပညာသင်ကြားခဲ့ပြီး ဆဋ္ဌမတန်းမှ ဒသမ တန်းအထိ အထက (၁) ဒဂုံမှာ ဆက်ပညာသင်ကြားခဲ့သည်။ အဲဒီကာလမှာလည်း ထူးချွန်ဆုတွေ ရခဲ့သေးတယ်။

၁၉၉၇ ခုနှစ်မှာ ဒသမတန်းကို ဂုဏ်ထူး ၄ ဘာသာနဲ့ အောင်မြင်ခဲ့တယ်။ အဲဒီတုန်းက သိပ္ပံတွဲ၊ ဝိဇ္ဇာတွဲ ခေတ်ဆိုတော့ ၉ ဘာသာကို ၅ ဘာသာအဖြစ်ပေါင်းထားတော့ အကုန်ဖတ်ခဲ့ရတာပေါ့။ ဒသမတန်း အောင်စာရင်းထွက်ပြီး အဲဒီအချိန်မှာ တက္ကသိုလ်တွေ ပိတ်ထားတာကြောင့် ၂ နှစ်ကျော်လောက် စောင့်လိုက်ရတယ်။ အဲဒီကာလမှာ စီးပွားရေးနဲ့ ပတ်သက်တဲ့ အလုပ်တွေကို စလုပ်ဖူးခဲ့တယ်။

၁၉၉၉ ခုနှစ် ဒီဇင်ဘာလမှာ ဆေးတက္ကသိုလ် (၁) ရန်ကုန်ကို တက်ရောက်ပညာသင်ကြားခဲ့ပြီး ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလမှာ M.B.,B.S. ဘွဲ့ကို ရရှိခဲ့သည်။

၂၀၀၆ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ကျွန်တော့် ဦးလေးရဲ့ ကုမ္ပဏီဖြစ်တဲ့ Swam Myat Agricultural Trading Co.,Ltd. မှာ အလုပ်လုပ်ခဲ့သည်။ ၂၀၀၇ ခုနှစ်မှာ Myanmar Egress Capacity Development Center က ဖွင့်တဲ့ Social Entrepreneurship သင်တန်းရဲ့ ပထမဆုံး အပတ်စဉ်ကို တက်ရောက်ခဲ့သည်။ ကျွန်တော် နိုင်ငံရေးကို ထဲထဲဝင်ဝင် စိတ်ဝင်စားလာတာလည်း အဲဒီအချိန်လောက်က စတာပဲ။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအပြီးတွင် ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်သည့် Nargis Action Group မှာ လုပ်အားပေး အဖြစ် တစ်နှစ်လောက်လုပ်ကိုင်ခဲ့တယ်။ အဲဒီကာလအတွင်း မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒေသခံများကို ဆေးကုသပေးခြင်း၊ ထိုသူများထံသို့ လိုအပ်သော ဆေးဝါးများ ပေးပို့မှုကို ကူညီပေးခြင်း ကြီးကြပ်ပေးခြင်းများ ဆောင်ရွက်ခဲ့တယ်။
၂၀၀၈ ခုနှစ်အတွင်းမှာပဲ နိုင်ငံခြားကျောင်းမှာ ဘွဲ့လွန်တက်ဖို့ ကြိုးစားခဲ့သေးတယ်။ IELTS စာမေးပွဲကို ဖြေပြီး ကျောင်းတွေကို လျှောက်ခဲ့တယ်။ ကျွန်တော် လျှောက်ထားတဲ့ကျောင်းတစ်ခုက ခေါ်စာကို ရခဲ့ပေမယ့် Scholarship မရခဲ့တာကြောင့် မတက်ဖြစ်ခဲ့ပါဘူး။

၂၀၀၉ ခုနှစ် မတ်လမှာ World Vision Myanmar မှာ Protection Associate အဖြစ် အလုပ်လုပ်ခဲ့တယ်။ နောက်ပိုင်း Protection Specialist အဖြစ် ရာထူးတိုးမြှင့်ခံရပြီး ၂၀၁၂ ဇွန်လအထိ လုပ်ကိုင်ခဲ့တယ်။
၂၀၀၉ ကနေ ၂၀၁၁ အကြားမှာ Myanmar Egress ရဲ့ ကျောင်းသားဟောင်းများ အဖွဲ့ (Alumni Association) မှာ ဒုတိယ ဥက္ကဋ္ဌအဖြစ် ၁ နှစ်၊ ဥက္ကဋ္ဌအဖြစ် ၁ နှစ်၊ စုစုပေါင်း ၂ နှစ် တာဝန်ယူခဲ့သေးတယ်။
၂၀၁၀ ခုနှစ် ဇူလိုင်လမှာ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီသို့ အဖွဲ့ဝင်အဖြစ်ဝင်ရောက်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲကာလအတွင်း ပါတီမဲဆွယ်စည်းရုံးခြင်းများတွင် ကူညီခဲ့သည်။

၂၀၁၁ ဇွန်လမှာ ရန်ကုန် တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး ဌာနက ဖွင့်လှစ်တဲ့ Post Graduate Diploma Course for International Relations (Batch 8) ကို တက်ရောက်ခဲ့ပြီး ၂၀၁၂ အောက်တိုဘာလမှာတော့ အဲဒီ Diploma ကို ဘာသာစုံ ဂုဏ်ထူးနဲ့ ရရှိခဲ့တယ်။

ဒီ Diploma သင်တန်းတက်နေတဲ့ အချိန်မှာပဲ တချိန်မှာ ကျွန်တော့်ရဲ့ ဇနီးသည် ဖြစ်လာမယ့် မကျင်စန်းခိုင်နဲ့ တွေ့ပြီး ချစ်သူများဖြစ်ခဲ့တယ်။
၂၀၁၂ ဇူလိုင်မှာ UNHCR ကို ပြောင်းရွေ့ပြီး Protection Associate အဖြစ် ၂၀၁၃ အောက်တိုဘာလအထိလုပ်ကိုင်ခဲ့တယ်။ ၂၀၁၃ အောက်တိုဘာမှာ Friedrich Naumann Foundation ကို ပြောင်းခဲ့ပြီး တရားဥပဒေစိုးမိုးရေး စီမံချက်ရဲ့ Programme Manager အဖြစ် ၂၀၁၅ သြဂုတ်လအထိ လုပ်ကိုင်ခဲ့တယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ လသာမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦး အဖြစ် NDF ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်။

၂၀၁၄ ခုနှစ် မေလ ၁ ရက်နေ့မှာ မကျင်စန်းခိုင်နှင့် အိမ်ထောင်ပြုခဲ့ပြီး လက်ရှိနေထိုင်နေတဲ့ လသာမြို့နယ် ၁၉ လမ်းက အိမ်ကို ပြောင်းရွေ့ခဲ့တယ်။ ကျွန်တော့်ရဲ့ သားကြီးကို ၂၀၁၅ နိုဝင်ဘာလ (ရွေးကောက်ပွဲအပြီး တပတ်အကြာ) မှာ မွေးခဲ့တယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲ အပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ် မခံရသည့်နောက်ပိုင်း ၂၀၁၆ ခုနှစ် ဇန်နဝါရီလအတွင်း Friedrich Naumann Foundation မှာ ပြန်လည် အလုပ်လုပ်ကိုင်ခဲ့ပြီး လက်ရှိအထိ လုပ်ကိုင်နေဆဲ ဖြစ်သည်။
ကျွန်တော့်ရဲ့ ဒုတိယ သားကိုတော့ ၂၀၁၈ ဒီဇင်ဘာလမှာ မွေးဖွားခဲ့တယ်။ အခုတော့ သား ၂ ယောက်ရဲ့ ဖခင် ဖြစ်နေပါပြီ။

၂၀၁၉ ခုနှစ်အတွင်းမှာပဲ အားလပ်ချိန်တွေမှာ အင်္ဂလိပ်-မြန်မာ ဘာသာပြန်တဲ့အလုပ်ကို အချိန်ပိုင်း စလုပ်ခဲ့ပါတယ်။
၂၀၂၀ ခုနှစ်မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲမှာလည်း လသာမြို့နယ်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။
ကျွန်တော့်အနေနဲ့ မိခင်ဘာသာစကားဖြစ်တဲ့ မြန်မာစာ အပြင် အင်္ဂလိပ်စာကို ကျွမ်းကျင်စွာ တတ်မြောက်ပြီး ခေတ်မီ နည်းပညာများကိုလည်း အကျွမ်းအဝင်ရှိ အသုံးပြုနိုင်ပါတယ်။